Monday, 8 April 2013

စောင့်ကြည့်ခြင်း..

လူတွေ ပျားပန်းခတ်မျှ ရှုပ်ထွေးသွားလာနေချိန် ၎င်းတို့ကိုကောင်းကောင်း မြင်နိုင်ပြီး ၎င်းတို့နဲ့ ခပ်လွတ်လွတ်ထောင့်တစ်နေရာက သို့မဟုတ်လဲ ၎င်းတို့ကို အပေါ်စီးက မြင်နိုင်တဲ့ တစ်နေရာက တိတ်ဆိတ်စွာ သင်စောင့်ကြည့်ဖူးပါသလား ။ ကိုယ့်ခံစားချက်ကို မတွေး ၊ မမြင်ဘဲ ဖြစ်ပျက်နေတာကို အရှိ ၊ အရှိအတိုင်း စောင့်ကြည့်ရတဲ့ အလုပ်က အလွန်စိတ်ဝင်စားဖို့ ကောင်းလှသည်။

ဘာဆက်ဖြစ်မလဲ ၊ ဘာဖြစ်ခဲ့မလဲဆိုတာကို တွေးမနေဘဲ ဖြစ်ပျက်နေတာကိုသာ အာရုံစူးစိုက်ပြီး စိတ်အေးအေးနဲ့ စောင့်ကြည့်တဲ့အခါ အဲဒီလို ဖြစ်ပျက်ခြင်းကို စောင့်ကြည့်နေရတာ ၊ ယင်းဖြစ်ပျက်ခြင်းကို သိနေရတာလဲ တမျိုးစိတ်ဝင်စားစရာကောင်းသလို တမျိုးလဲ အသိတစ်ခု ၊ ကောင်းသော အလေ့အကျင့်တစ်ခုကို လုပ်ပေးသည်။

 ဒီလိုစောင့်ကြည့်တတ်ကျင့် ရှိလာရင် ၊ ဒီအလေ့အကျင့် ရလာရင် နေ့စဉ်ကြုံတွေ့နေရတဲ့ လူမှုပြဿနာတွေ ၊ မလိုလားအပ်တဲ့ ပြဿနာတွေ နည်းလာတာကိုလည်း ကြုံတွေ့လာရမည် ။ သို့ပေမယ့် အထက်တွင် ဆိုထားသလို စောင့်ကြည့်တဲ့နေရာ၌ ဖြစ်ပျက်ခဲ့တာကို မတွေး ၊ ဖြစ်ပျက်လာမှာကို မတွေးဘဲ ဖြစ်ပျက်နေတာကိုသာ အာရုံထား စောင့်ကြည့်တတ်ဖို့တော့ လိုသည်။

သူခိုးတစ်ဦးကို ၎င်းလုပ်တဲ့ အပြစ်နှင့်တကွ လက်ပူးလက်ကြပ်ဖမ်းလိုလျှင် သူ့ပြစ်မှုကျူးလွန်တာမြင်နိုင်ပြီး ကိုယ့်ကို သတိမထားမိနိုင်တဲ့ တစ်နေရာမှ အရင်ဆုံး စိတ်ရှည်ရှည် စောင့်ဆိုင်းရသည်။ ၎င်း အန္တရာယ်ပေးလာနိုင်တာကိုလည်း ကြိုတင်ပြင်ဆင်စိတ်နဲ့ သတိရှိထားရသည် ။ ဘယ်လို ဖမ်းမယ်ဆိုတဲ့ အစီအစဉ်လဲ ရှိထားရသည်။ တခါတရံ စီစဉ်ထားတာ တစ်မျိုးပေမယ့် အခြေအနေအပေါ် မီးစင်ကြည့်ကပြီး လှုပ်ရှားတတ်ဖို့လည်း လိုသည်။

ထို့အတူ သူများတွေကို လိုက်စောင့်ကြည့်ရတာထက် မိမိစိတ်မိမိ ပြန်စောင့်ကြည့်ရတာက ပိုခက်ခဲတာကို မိမိစိတ် မိမိ ပြန်စောင့်ကြည့်တဲ့အကျင့် ရင့်ကျက်လာလေလေ ယင်းခက်ခဲမှုကို ပိုသိလာလေလေပင်ဖြစ်သည်။ ဘယ်လောက်ပင် ခက်ခဲသည့် အလုပ်မျိုးမဆို အလေ့အကျင့် ရလာသည့်အခါ လွယ်ကူလာတာလဲ သိနိုင်သည်။

လမ်းလျှောက်သင်တုန်းက ၊ စက်ဘီးအစီးသင်တုန်းက ၊ တစ်ခုခုကို ပထမဆုံးအကြိမ် စတင် သင်ယူလုပ်ကိုင်ချိန်တွင် လုပ်ကျင့်မရှိသေးသောကြောင့် လည်းကောင်း ၊ လုပ်ကိုင်နည်း မသိသေး ၊ မကျွမ်းကျင်သေးသောကြောင့် လည်းကောင်း ခက်ခဲသလိုရှိသည်။ ယင်းခက်ခဲသည်ဟု ထင်သည့်အဆင့်ကို ဖြတ်သန်းပြီး ထိုအလုပ်အား လုပ်ကျင့်ရလာလေလေ ၊ ကျွမ်းကျင်လာလေလေ ၊ လွယ်ကူလာလေလေဆိုတာကိုလည်း သတိထားသင့်သည်။

လူတွေ နေ့စဉ်ဖြစ်နေရတဲ့ ဒေါသ ၊ မောဟ ၊ လောဘ ၊ ဝန်တိုမှု ၊ မနာလိုမှု ၊ အကျိုးမလိုမှု ၊ အသာစီးမခံမှု ၊ ဆတ်ဆတ်ထိ မခံနိုင်မှု စသည့် စိတ်ခံစားမှုများသည် စိတ်ကပင် အခြေခံလာခြင်းဖြစ်သည်။ ယင်းသို့ ဖြစ်ပေါ်လာသည့် စိတ်အား တခြားသူတစ်ယောက်ကို ကိုယ်ကကြည့်နေသလိုမျိုး မိမိစိတ်ကို မိမိပြန်စောင့်ကြည့်တတ်တဲ့အကျင့် ရလာသည့်အခါ ထိုစိတ်ကလေး ဝင်လာတာနှင့် သိလာသည်။
ယင်းသို့ စောင့်ကြည့်တဲ့အခါ ဖြစ်ပျက်ခဲ့တာတွေ ၊ ဖြစ်ပျက်နေတာတွေကို မတွေးဖို့ ကြိုပြောထားသည့်အတွက် ယင်းဖြစ်ပေါ်လာသည့် ခံစားချက်အပေါ် လိုက်ပါခံစားသည့် မိမိ၏ခံစားမှုနောက် လိုက်ပါမခံစားသွားဖို့လည်း လိုသည်။ အမှားများသည့် လူအများစု၏ အမှားမှာ မိမိစိတ်ကို ဦးစားပေးခံစားတတ်ကြသူများ ဖြစ်နေ၍ စိတ်နောက်ကိုယ်ပါ ထင်ရာဆိုင်း မှားမိကြခြင်း ဖြစ်သည်။

ကိုယ်မဟုတ်တဲ့ သူများကို ထိုင်စောင့်ကြည့်နေသလိုမျိုး ၊ ကိုယ့်စိတ်မဟုတ်တဲ့ သူများရဲ့ စိတ်ပြောင်းလဲမှုအပေါ်  ထိုင်စောင့်ကြည့်သလိုမျိုး စောင့်ကြည့်တတ်သည့်အကျင့်များလာသည့်အခါ ကိုယ့်ခံစားချက် အပြောင်းအလဲကို ကိုယ်တိုင်သတိထားမိလာသည်။

တစ်စုံတစ်ဦးကို တစ်စုံတစ်ယောက်က မကောင်းကြောင်းပြောသည့်အခါ ၊ မကောင်းကြံစည်သည့်အခါ မိမိကို မပြော ၊ မကြံစည်တာမို့ ဘာသိဘာသာဖြင့် နေသာထိုင်သာရှိသလို မိမိစိတ်က ပြောင်းလဲ ဖြစ်ပျက်နေတာကို မိမိစိတ်ခံစားချက်မဟုတ်သလို လိုက်ပါခံစားမနေဘဲ သိနေတဲ့စိတ်ကလေးနဲ့ စောင့်ကြည့်မိတဲ့အခါ ယင်းသို့ခံစားရမှုအပေါ် ထပ်တိုးဖြစ်ပေါ်လာသော လောဘ ၊ ဒေါသနှင့် အခြား မလိုလားအပ်သည့်စိတ်များ ဝင်မလာတော့ဘဲ သိစိတ်ကလေးသာ ကျန်ခဲ့သည်။
ယင်းသိစိတ်ကလေးဖြင့် ရှိဖန်များလာသည့်အခါ ယင်းသိစိတ်ကိုပဲ သိပြန်သိနေသည့်စိတ် ၊ ယင်းခံစားချက်ကိုပဲ သိနေသည့်စိတ်ဖြင့် နေကျင့်များလာသည့်အခါ ဖြစ်ပေါ်နေတဲ့ ကိုယ့်ခံစားချက်အပေါ် ကိုယ်တိုင်လိုက်ပါခံစားပြီး တပြန်လဲလဲဖြစ်တတ်သော ဒေါသစိတ် ၊ လောဘစိတ် ၊ မောဟစိတ် ၊ မနာလိုစိတ် ၊ အကျိုးမလိုလားသည့်စိတ်တွေ ကင်းလာတာကို ခံစားသိနိုင်သည်။ ထိုအခါ ပူလောင်သည့်စိတ်များ ဖြစ်မနေတဲ့ တခဏ ငြိမ်းအေးမှုကို ခံစားရသည်။

ငြိမ်းအေးသည့်စိတ်ဖြင့် နေကျင့်ရလာသောအခါ ငြိမ်းနေသည့်စိတ်၏ တန်ဖိုးကို သိလာသဖြင့် ပူလောင်စေမည့်ခံစားချက်တွေ ၊ အလစ်အငိုက် ဝင်လာတတ်သည့် စိတ်မိုက်တွေကို သူခိုးဖမ်းသလို စောင့်ကြည့်ဖမ်းပြီး ဖယ်ထုတ်လိုက်နိုင်သည်။ ထို့အတွက်ကြောင့်လဲ စိတ်ရှင်းလင်းမှုဆိုတာကို ခံစားသိနိုင်သည်။

သူ့က ငါ့ကို ဒီလိုပြောလို့ ၊ သူက ငါ့ကို ဒီလိုလုပ်လို့ဆိုတဲ့ င့ါကိုလုပ်တာသိစိတ် ၊ ယင်းစိတ်နောက် လိုက်ပါခံစားပြီး ပွားလာတဲ့ မလိုလားသော မိမိကို ပူလောင်စေသည့် စိတ်များကို စောင့်ကြည့်တတ်သည့်စိတ် ၊ သူ့အပြောကြောင့် ၊ သူ့အလုပ်ကြောင့်တော့ဖြင့် ငါ့စိတ်တွေ ပူလောင်နေပြီဆိုတဲ့ အသိစိတ် ဝင်လာဖို့ မိမိစိတ်ကို မိမိသိနေအောင် ပြန်စောင့်ကြည့်တတ်သည့် အလေ့အကျင့် ရှိထားလျှင် သိစိတ်တစ်ခု၏ လေးနက်မှုကို သိလာသည်။

စိတ်ဆိုတာလဲ သူခိုးကဲ့သို့ပင် လစ်လို့သာ ခိုးသွား ၊ ယူသွားတတ်သလို စိတ်လွတ်နေလို့သာ နောက်ဆက်တွဲ ခံစားချက်တွေဖြင့် စိတ်နောက်ကိုယ်ပါ မိုက်မှား ပူလောင်မိကြခြင်း ဖြစ်သည်။

သူခိုးဖမ်းတဲ့လူရှိနေတဲ့အိမ်ကို ရှောင်ပြီး လွယ်နိုင်တဲ့အိမ်ကိုသာ သူခိုးဟာ ဝင်ခိုးတတ်သကဲ့သို့ မိမိစိတ် မိမိ ပြန်စောင့်ကြည့်ပြီး သိနေတတ်သည့်အခါ ထိုစိတ်နောက် လိုက်ပါခံစားပြီး မိုက်မှားတတ်သည့် အတွေးများ ၊ ခံစားချက်များသည်လည်း မိမိအခွင့်မပေးလျှင် မပေးသလို တန့်သွားတတ်သည်။

ထိုအခါ သူခိုးပူ မရှိတဲ့အိမ်လို စိတ်အပူမရှိတဲ့ စိတ်ငြိမ်းချမ်းမှု ၊ စိတ်တည်ငြိမ်မှုဆိုတာတွေကို ခံစားသိနိုင်ပေသည်။ စောင့်ကြည့်ခြင်းဆိုသည့် အလုပ်တစ်ခုဖြင့် စိတ်ငြိမ်းအေးမှု ရလာသည့်အခါ နေ့စဉ်လူမှုဘဝတွင် ယခင် မိမိကြုံတွေ့ခဲ့ရသော မလိုလားအပ်သည့် အပူများ ၊ အမှားများ ကင်းနေသဖြင့် ကျေနပ်သောစိတ်ကိုလည်း ရသည်။
ယင်းကဲ့သို့ စောင့်ကြည့်တတ်သော စိတ်ကလေးဖြင့် လူတိုင်း ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုရင်း ….


ရေးသားသူ  ...အမှုန်

No comments:

Post a Comment