Saturday, 6 April 2013

တန်ဖိုးဆိုတာ

တန်ဖိုးတစ်ခုဟုဆိုလိုက်လျှင် ဂုဏ်ဒြပ်လိုလို ၊ ပိုင်ဆိုင်မှုလိုလို နဲ့ မျက်စိထဲ ဒါတွေပဲ ပြေးမြင်တတ်တော့သည် ။ တန်ဖိုးဆိုတာသည် ထို တန်ဖိုးကို သိသူ ၊ နှစ်ခြိုက်သူတို့အတွက်သာ တန်ဖိုးရှိသည် ။ ပို၍ ရှင်းလင်းအောင် ပြောရပါလျှင် (၁)နှစ်အောက် ကလေးငယ်တစ်ဦးအတွက် သူခုံမင်သော သကြားလုံးတွေ ၊ ချောကလက်တွေလောက် သင်တန်ဖိုးထားနေနိုင်သည့် စိန်ရွှေရတနာများဟာ မက်စရာမရှိပါ။
ထို့အတူ ကျွနုပ်တို့လူအများစု တန်ဖိုးထားနေသည့် ၊ အပြိုင်အဆိုင် ပိုင်ဆိုင်လိုကြသည့် တွင်းထွက်ရတနာတွေ ၊ ကျောက်သံပတ္တမြားတွေဟာ တွင်းအောင်းသတ္တဝါများအတွက်တော့ ၎င်းတို့၏အစာလောက် တန်ဖိုးမရှိပေ ။ ထို့ကြောင့် ထိုကျောက်စိမ်းတုံးကြီးနား (သို့မဟုတ်) ပတ္တမြားတွင်းထဲ အောင်းပြီးနေထိုင်နေသည့် သတ္တဝါများအတွက် ၎င်းတို့အနားရှိနေသည့် ထိုအရာများများသည် ၎င်းတို့အတွက် ဘာတန်ဖိုးမှမရှိပေ။
ထို့အတွက်ကြောင့် တန်ဖိုးဟူသည် တန်ဖိုးသိမှ (သို့မဟုတ်လဲ) တန်ဖိုးထားတတ်မှ တန်ဖိုးရှိပေလိမ့်မည် ။ ရှားပါးစာအုပ်ကြီးရရှိထားဦးတော့ စာမတတ်သူများအတွက် ထိုစာအုပ်သည် ထမင်းတနပ်လောက်ပင် တန်ဖိုးမရှိ ။ ရရာဈေးဖြင့် ရောင်းစား၍ရလျှင် ရောင်းစားမှာပင် ။ ထို့အတူ လူတစ်ဦး တစ်ယောက်၏ အသိပညာသည် အမိုက်မှောင်ဖုံးနေသူများအတွက် တန်ဖိုးမရှိ ။ အာဏာရှင်တွေ ဦးထိပ်ထားသော ထိုအာဏာသည် အရိယာပုဂ္ဂိုလ်တွေအတွက် တန်ဖိုးမရှိ ။ မိမိတန်ဖိုးထား ကိုးကွယ်နေသော ဘာသာသည် ဘာသာခြားများအတွက် ၎င်းတို့ဘာသာလောက် တန်ဖိုးမရှိ ။ ထို့အတွက်ကြောင့် တန်ဖိုးဟူသည် လူတစ်ဦး တစ်ယောက်၏ ယုံကြည်ချက် ၊ ခံယူချက် ၊ အသိဥာဏ် ၊ ပိုင်းခြားဆင်ခြင်နိုင်မှု စသဖြင့်တို့အပေါ် ကွာခြားသွားပေသည်။
တခါတရံ တန်ဖိုးရှိမှန်းတော့ သိပါသည် ။ အလွယ်တကူ မြင်နေ ၊ တွေ့နေ ၊ ရနေတော့ ၎င်းအတွက် တန်ဖိုးထားသင့်သလောက် တန်ဖိုးမရှိပေ။ ရှင်းအောင်ဆိုရလျှင် တနေ့လုပ်တနေ့စားသမားအတွက် ငွေကျပ်တစ်သောင်းဟာ အလွန်မက်စရာ ကောင်းနေပေမယ့် တနေ့ဒေါ်လာသန်းချီ ဝင်နေသော သူဌေးတစ်ဦးအတွက် ငွေကျပ်တစ်သောင်းဆိုတာ ဟာသတစ်ခုလိုပင် ။ ထို့ကြောင့် ပမာဏချင်းတူသည့် တန်ဖိုးပင်လျှင် လူအပေါ်မူတည်ပြီး တန်ဖိုးရှိမှု ၊ မရှိမှု ပြောင်းလဲတတ်သေးသည်။
တန်ဖိုးဟူသည် တန်ဖိုးထားမှုအပေါ် မူတည်ပြောင်းလဲတတ်သည် ။ ယနေ့ ကျိကျိတက်ချမ်းသာသူဟာ သိန်းဂဏန်းငွေကို မမှုပေမယ့် အကြောင်းကြောင်းကြောင့် ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးသွားလျှင်ဖြင့် သောင်းဂဏန်းပင်လျှင် ၎င်းအတွက် တန်ဖိုးရှိနေပေလိမ့်မည် ။ ရနေတုန်း တန်ဖိုးမထားမိသူတွေဟာ ပျောက်ဆုံး ၊ ဆုံးရှုံးရမယ်ဆိုတော့မှ (သို့မဟုတ်) ပျောက်ဆုံး ၊ ဆုံးရှုံးသွားမှ ထိုအရာဟာ အလွန်တန်ဖိုးရှိမှန်း သိသည်။
ကိုယ်လက်အင်္ဂါ ပြည့်စုံသူတွေဟာ ထိုပြည့်စုံခြင်း၏တန်ဖိုးကို အမှတ်တမဲ့ ဖြစ်နေတတ်ပေမယ့် အကြောင်းကြောင်းကြောင့် ဆုံးရှုံး ဖြတ်တောက်ရတော့မယ်ဆိုလျှင်ဖြင့် ယင်းတန်ဖိုးအတွက် ဝမ်းနည်း ပူဆွေးရပေသည် ။ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေချိန် ကျန်းမာရေးဆိုတာကို ဂရုစိုက်ရမှန်းမသိ စားချင်တာစား ၊ သွားချင်ရာသွား ၊ လုပ်ချင်ရာလုပ်ပြီးတော့မှ ရရှိလာတဲ့ အကျိုးဆက်ကြောင့် ရောဂါကြီးကြီးနှိပ်စက်ပါမှ ဆက်လက်ကျန်းမာ အသက်ရှင်ဖို့ ငွေကုန်ကြေးကျခံ ကြိုးစားရင်း ကျန်းမာရေး၏ တန်ဖိုးကို သိလာတတ်သည်။
ခြေတစ်ဖက် (သို့မဟုတ်) လက်တစ်ဖက် ဆုံးရှုံးခဲ့ရသူလောက် ခြေလက်တန်ဖိုးကို သာမာန်လူ မသိနိုင် ။ ရောဂါနှိပ်စက်မှုဒဏ် ခံရသူလောက် ကျန်းမာခြင်း၏တန်ဖိုးကို သာမာန်လူ မသိနိုင် ။ အသက်တစ်ခု ဆုံးရှုံးရဖို့ သေချာနေသူလောက် ရှင်သန်ခြင်း၏ တန်ဖိုးကို သာမန်လူများ မသိနိုင် ။ ဘာမှမရှိခြင်း ၊ မလိုချင်ခြင်းသည် ငြိမ်းချမ်းသည်ဟူသော အရိယာသဘောလောက် သာမာန်စိတ်ခံစားနိုင်သူများ မသိနိုင်  ။ မဆုံးရှုံးသေးသော မိဘ၏တန်ဖိုးကို ဆုံးရှုံးပြီးသူ (ထိုမိဘမေတ္တာကို တန်ဖိုးထားသူ) လောက် သာမန်သားသမီးများ မသိနိုင်။
နောက်မှသိသော အသိ အချိန်မီလျှင် တော်သေး၏ ။ နောင်မှသိသောအသိဟာ နောင်မှရသော နောင်တ (အချိန်လွန်သွားမှ ရသောအသိနှင့် နောင်တ) လောက် နှိပ်စက်သောစိတ်သည် မရှိပေ။
စာဖတ်သူများကိုလည်း အချိန်လွန်သွားမှ ရသောအသိနှင့် နောင်တ မရစေချင်သောကြောင့် မိမိအလွယ်တကူ ရရှိထားသော ခြေလက်အင်္ဂါ ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ကျန်းမာသောကိုယ်ကို ကောင်းမွန်စွာ မျှမျှတတ ပြုစုစောင့်ရှောက်ပါ။ ထိုခန္ဓာကိုယ် မိမိရရှိအောင် ပေးခဲ့သော မွေးမိဘများကို တုန့်ပြန်ကျေးဇူး စောင့်သိရိုသေပါ။ မိမိအပေါ် ကျေးဇူးပြုထားဖူးသူအား ကျေးဇူးတုန့်ပြန်ပါ ။ မိမိနဘေးနားရှိနေသည့် မိမိ၏ မိသားစုနှင့် မောင်နှမသားချင်းများ ၊ သားသမီးရှိသူများကလည်း မိမိတို့၏ သားသမီးများကို ကောင်းမွန်စွာ ဆက်ဆံကူညီပါ ။ မိမိ၏ ဆွေးမျိုးသားချင်း ၊ သူငယ်ချင်းများကို တန်ပြန်မေတ္တာ ထားရှိပါ။ တဆင့်မြင့်သော အခြေအနေကို ကြိုးစားရင်း ရရှိထားသော ရာထူးစည်းစိမ်ဖြင့် ရောင့်ရဲနိုင်အောင် စိတ်ထားပါ ။
ကိုယ်လာတုန်းက ဘာမှမပါ ၊ ကိုယ်ပြန်သွားလည်း ဘာမှမပါသည်ကို လိုချင်စိတ်တွေ နှိပ်စက်တိုင်း ၊ ဆုံးရှုံးမှုတွေ နှိပ်စက်တိုင်း ၊ လောကဓံ နှိပ်စက်တိုင်း မိမိကိုယ်ကို သတိပေး၍ တကယ်တန်ဖိုးထားသင့်သည်များကို မမေ့မလျော့ နောင်တမဲ့စွာ တန်ဖိုးထားနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသည်။


 ရေးသားသူ...အမှုန်

No comments:

Post a Comment