အပြုအမှုဟူသမျှတွင် "စေတနာ" ပါမှသာလျှင် "ကံ"မြောက်ပါသည်။
စေတနာသည် ဘဝကို ပုံဖော်ဖန်တီးသောအရာ ဖြစ်ပါ၏။
ဖြူစင်သန့်ရှင်းသော
စေတနာဖြင့်ပြုလုပ်သော ကာယကံ၊ ဝစီကံမှန်သမျှ ဖြူစင် သန့်ရှင်းပေလိမ့်မည်။
ညစ်ထေးသေးသိမ်သော စေတနာဖြင့်ပြုလုပ်သော ကာယကံ၊ ဝစီကံမှန်သမျှ
ညစ်ထေးသေးသိမ်ပေလိမ့်မည်။ စေတနာ ထားပုံထားနည်း မှန်ကန်စေရန်၊
ဉာဏ်ယှဉ်ဖို့လိုကြောင်း ကျေးဇူးရှင် နမ္မားဆရာတော်ကြီး အရှင်ဉာဏ က ဤသို့
အဆုံးအမ ပေးတော်မှုခဲ့ပါ၏။
"ကံကြမ္မာရှိရင်လည်း ခန္တာဆိုတာ
ဖြစ်မြဲပဲ။ ကံကြမ္မာက မျိုးစေ့နှင့် တူတယ်။ ခန္တာက အပင်နှင့်တူတယ်။
ကံကြမ္မာဆိုတာ စေတနာကို ဆိုတာကွဲ့။ ဒီစေတနာထားပုံဟန်ရင် ခန္တာဖြစ်ရာမှာ
ဟန်တာပဲ။ စေတနာထားပုံမဟန်ရင် ခန္တာမဟန် ဖြစ်တာပေါ့။ ဓာတ်ပုံရိုက်တဲ့ အခါ
အနေအထိုင်စောင်းရင် အရုပ်ဟာ ဘယ်နှယ်နေမလဲ မောင်စိန်ရဲ့။ (အနေစောင်းရင်
ပုံလည်း စောင်းပါတယ် ဘုရား။) အေး အဲဒီလိုပေါ့။ စေတနာထားပုံဟန်ရင်
ခန္တာဖြစ်ပုံလည်း ဟန်တာပေါ့။ စေတနာထားပုံ ဟန်ဖို့ဆိုတာလည်း ဉာဏ်ယှဉ်
မှဟန်တာကွဲ့။ ဉာဏ်မယှဉ်ရင် မဟန်ဘူး။ များသောအားဖြင့် သတ္တဝါတွေ ထားကြတဲ့
စေတနာသည် ဉာဏ်မယှဉ်ဘဲ ထုံးစံအရထားကြတဲ့ စေတနာကသာ များတယ်"
................................
the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော -
"ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၁၉၁) မှ
ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment